
ထရမ့် ကြိမ်းမောင်းပြီးနောက် အစ္စရေး – အီရန် ကြား အပစ်ရပ်ထား | People’s Spring
ထရမ့် ကြိမ်းမောင်းပြီးနောက် အစ္စရေး – အီရန် ကြား အပစ်ရပ်ထား
ဇွန် – ၂၅ ၊၂၀၂၅ /People’s Spring
အစောပိုင်းမှာ မရေမရာ အခြေအနေတွေ ကြုံခဲ့ပေမယ့် အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အီရန်နဲ့ အစ္စရေးတို့ကြားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုဟာ ဆက်လက် တည်တံ့နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရှေ့အလယ်ပိုင်း ဒေသက ခါးသီးပြိုင်ဘက် နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခကို အဆုံးသတ်ပြီး အပစ်ရပ် သဘောတူညီမှု ရရှိခဲ့ပြီလို့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်စလုံးက ထရမ့်အဆိုပြုတဲ့ အပစ်အခတ် ရပ်စဲရေးကို လက်ခံကြောင်း အသီးသီး အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ နာရီပိုင်းလောက် အကြာမှာတော့ သဘောတူညီမှုကို ချိုးဖောက်ပြီး အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲပြီး တဟီရန်မြို့ကို လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်ကတော့ အပစ်အခတ် ရပ်စဲရေး ကတိကို ချိုးဖောက်ကြောင်း အစ္စရေးရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
နောက်ပိုင်းမှာတော့ အစ္စရေးက တဟီရန်နားမှာရှိတဲ့ အီရန် ရေဒါစခန်း တစ်ခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ပေမယ့် ထရမ့်ရဲ့ တားမြစ်မှုကြောင့် ကျန်တဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်မတိုက်တော့ဘဲ စစ်ဆင်ရေး ရုပ်သိမ်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း ဇွန်လ ၂၅ ရက် မနက်ထိ အစ္စရေးနဲ့ အီရန်ကြားမှာ ရန်လိုတိုက်ခိုက်တာတွေ ဆက်မဖြစ်တော့ဘဲ အခြေအနေတွေ ငြိမ်သက်နေပါတယ်။
ဇွန်လ ၂၄ ရက် ညပိုင်းတုန်းက ထရမ့်ဟာ အပစ်အခတ် ရပ်စဲရေးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နေတဲ့ အစ္စရေးရော၊ အီရန်ကိုပါ ကြိမ်းမောင်းပြစ်တင်ပြီး နှစ်နိုင်ငံစလုံးကို စိတ်ပျက်မိကြောင်း ထုတ်ပြောခဲ့ပါတယ်။
ပြီးတော့ ၁၂ ရက်ကြာ စစ်ရေး ပဋိပက္ခကို ရပ်တန့်စေဖို့ သူအားထုတ်ထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ဆက်လက်ထိန်းသိမ်းဖို့၊ အီရန်ကို နောက်ထပ် လေကြောင်းတိုက်ခိုက်တာတွေ မလုပ်ဖို့ အစ္စရေးကို ထရမ့်က အသိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အီရန်ရော၊ အစ္စရေးပါ ငြိမ်ချက်သား ကောင်းနေပြီး တိုက်ခိုက်မှုတွေ ရပ်နေပါတယ်။
အီရန် အစိုးရ သတင်းဌာန IRNAက သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းဟာ ဆော်ဒီအာရေးဘီးယား အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့ ဖုန်းဆက် စကားပြောခဲ့ပြီး အီရန်ဟာ အမေရိကန်နဲ့ သဘောထား ကွဲလွဲနေတာတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဖြေရှင်းဖို့ အသင့်ရှိကြောင်း အသိပေးခဲ့တယ်လို့ ဖော်ပြသွားပါတယ်။ ဆော်ဒီဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း အဓိက မဟာမိတ်နိုင်ငံ တစ်ခုလည်း ဖြစ်ပါတယ်။
အီရန်နဲ့ စစ်ရေး ပဋိပက္ခအတွင်း လေကြောင်း အန္တရာယ် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ထားခဲ့တဲ့ အစ္စရေးမှာတော့ အခုအခါ ကန့်သတ်ချက်တွေ ရုပ်သိမ်းပြီး ပုံမှန် လှုပ်ရှား သွားလာနိုင်ကြောင်း ကြေညာထားပါတယ်။ အစ္စရေး စစ်တပ် (IDF) အကြီးအကဲကတော့ စစ်ဆင်ရေးရဲ့ အရေးပါတဲ့ အပိုင်းတစ်ခု ပြီးဆုံးသွားပေမယ့် အီရန်နဲ့ ပတ်သက်တဲ့ အစ္စရေးရဲ့ လှုပ်ရှားမှုတွေကတော့ ဆက်ရှိနေမယ်လို့ ပြောပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်ဖို့ အနီးစပ်ဆုံး အဆင့်မျိုးထိ ယူရေနီယမ် ဓာတ်သတ္တုတွေကို သန့်စင်နေကြောင်း စွပ်စွဲပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေ၊ စစ်ရေးပစ်မှတ်တွေကို အစ္စရေးက ဇွန်လ ၁၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား – Reuters
#ludunwayoo #လူထုနွေဦး #NewsUpdate
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 – https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring